မင်္ဂလာဒုံ ဖေဖော်ဝါရီလ ၂၇
ရန်ကုန်ဒေသကြီးမြောက်ပိုင်း၊ မင်္ဂလာဒုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက်(၁၁) နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့် အဖွဲ့ဝင်များက ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ညှိုနှိုင်းအစည်းအဝေးတွင် မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်က အမှတ်(၃)လမ်းဆုံ၊ ပြည်လမ်းဆုံနှင့် ခရေပင်လမ်းခွဲရှိ ကားမှတ်တိုင်များတွင် မော်တော်ယာဉ်များ စနစ်တကျရပ်တန့်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြရန်၊ ယာဉ်စစ်ဆေးရေးအဖွဲ့များမှ နေ့စဉ်နံနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် လိုက်လံစစ်ဆေးကြရန်နှင့် လူစည်ကားသည့် ကားဂိတ်၊ စက်ရုံလိုနေရာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဟောပြောပွဲများ ပြုလုပ်ကြရန်နှင့် တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အဖွဲ့ဝင်များအနေဖြင့် မိမိတို့မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲများအား လူစည်ကားသည့် နေရာများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ YBS ယာဉ်များအား သတ်မှတ်ထားသည့် ဘတ်စ်ကားမှတ်တိုင်များတွင်သာ စည်းကမ်းတကျ ရပ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း အသီးသီးဆွေးနွေးတင်ပြကြရာဥက္ကဋ္ဌ ဦးကောင်းညွန့်မှ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ပြီးနောက် မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြတ်မွန်ခင် ( မင်္ဂလာဒုံ)