ကချင်ပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ မိုးကောင်းမြို့နယ် နန့်လှိုင် (စံပြ) ကျေးရွာမှ တောင်သူများအား မိုးညှင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို လာရောက်လေ့လာ

မိုးညှင်း ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မိုးကောင်းမြို့နယ် နန့်လှိုင် (စံပြ) ကျေးရွာမှ တောင်သူများက မိုးညှင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာနှင့် ပဲပုတ်စိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ယမန်နေ့ နံနက်(၉) နာရီမှစတင်၍ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ထိုသို့ လာရောက်‌လေ့လာကြရာတွင် မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွေးလှိုင် ဦးဆောင်သည့်ဝန်ထမ်းများနှင့် နန့်လှိုင်(စံပြ)ကျေးရွာမှ တောင်သူ (၁၅)ဦးတို့အား မိုးညှင်းစိုက်ပျိုးရေးသုတေသနခြံမှ ခြံတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သောင်းက စပါးစိုက်ပျိုးမှုဆိုင်ရာများ၊ ဆီထွက်သီးနှံများဖြစ်သည့် ဒေသနှင့်ကိုက်ညီသော ပဲပုတ်သုတေသနစိုက်ကွက်များ၊ နေကြာစိုက်ပျိုးမည့် နည်းစနစ်များနှင့် စပါးမျိုးစေ့သန့်စင်စက် အသုံပြုပုံပြုနည်းအဆင့်ဆင့်ကို ရှင်းလင်းပြသကာ လာရောက်လေ့လာ‌ကြသည့် တာဝန်ရှိသူများနှင့် တောင်သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို အသီးသီးဆွေးနွေး ကြရာ ခြံတာဝန်ခံအရာရှိက ပြန်လည်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် ၎င်းအဖွဲ့သည် မိုးညှင်းမြို့နယ်အတွင်းရှိ နန့်လှိုင်ကျေးရွာ၊ ဘီလူးကျေးရွာ၊ ပင်းဟဲကျေးရွာနှင့် အလယ်တောကျေးရွာများတွင် ဆီထွက်သီးနှံပင်များဖြစ်သည့် နေကြာနှင့် ပဲပုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနည်းစနစ်များ၊ မျိုးနှင့်သွင်းအားစုများ သုံးစွဲမှုအခြေအနေများနှင့် အခြားသောဆောင်းသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများကို မိုးညှင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက ကွင်းတကွင်းချင်းစီအလိုက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လက်တွေ့ပြသ၍‌ အသိပညာပေးဆွေးနွေး‌ခဲ့‌ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအထိ နေကြာစိုက်ဧက (၅၆၀၉) ဧက၊ ပဲပုတ်စိုက်ဧက (၁၃၅၂၅)ဧက၊ မြေပဲစိုက်ဧက (၈၉၈၁) ဧကနှင့် ဟင်းသီးဟင်းရွက်စိုက်ဧက (၁၄၆၉၀) ဧကတို့ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း