အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

အမ်း ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်တွင် စာစစ်ဌာန(၄)ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာစစ်ဌာနများအဖြစ် မြို့ပေါ်တွင် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများ၌လည်းကောင်း၊ တပ်တောင်မြို့၌ အ-ထ-က(တပ်တောင်)၌လည်းကောင်း၊ စာစစ်ဌာန(၄)ခုခွဲ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်း တွင်းမှဖြေဆိုမည့်သူ(၇၁) ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၈၇၉)ဦး စုစုပေါင်း(၉၅၀)ဦးရှိကြောင်းနှင့် မြို့ပေါ်ရှိ အ-ထ-က ကျောင်း(၃)ကျောင်း၌ (၅၄၈)ဦးနှင့် အ-ထ-က တပ်တောင်၌ (၄၀၂)ဦး ဖြေဆိုသွားမည့်ဖြစ်သည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခြင်းကို သက်ဆိုင်ရာစာစစ်ဌာနများ၌ ဘာသာတွဲအလိုက် ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ မတ်လ(၈)ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ တပ်တောင်စာစစ်ဌာန၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တပ်တောင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပညာရေးဝန်ထမ်းများ ရပ်မိရပ်ဖများ လုပ်ငန်းရှင်မိဘပြည်သူများတွေ့ဆုံကာ ဆွေးနွေးဆောင်ရွက်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးက လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)