ကျောက်တံတားမြို့နယ်၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တံတား ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ညွန့်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်ဆိုသည်မှာ နိုင်ငံတစ်ဝှမ်းမှာရှိပြီး သက်ဆိုင်ရာမြို့နယ် များအလိုက် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာကြည့်တိုက်အား လာရောက်ရေး၊ စာအုပ်၊ စာစောင်၊ ပရိဘောဂ ပြည့်စုံရေးအတွက် အားထည့် ကြိုးစားကြရမှာဖြစ်ကြောင်း၊ စာဖတ်ပရိတ်သတ်များ စာကြည့်တိုက်ကိုလာရောက်နိုင်ရေး ဖိတ်ခေါ်ကြရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွေးက မြို့နယ်စာကြည့်တိုက်ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းထားမှု၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရပ်ကွက်စာကြည့်တိုက်များ အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ စာအုပ်စာစောင်လှူဒါန်းမည့် အစီအစဉ်များနှင့်အသစ် ထပ်မံဖွင့်လှစ်မည့် ပညာဘဏ် စာကြည့်တိုက်အား အသိအမှတ်ပြုမှတ်ပုံတင် ခွင့်လက်မှတ်လျှောက်ထားရန် ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် သုတရိပ်သာစာကြည့်တိုက်နှင့် လောကအမွန်စာ ကြည့်တိုက်တို့အား စာအုပ်များလှူဒါန်းပေးခဲ့ပြီး အစည်းအဝေးအား နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)