ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ     ဖေဖော်ဝါရီ   ၂၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ခင်မောင်ဇော်၊ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မျိုးလွင်၊ ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးမှူးတာဝန်ထမ်း ဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံပြီး စစ်တွေမြို့ပေါ်၌ အခြေခံပညာကျောင်းများတွင် စာသင်ဆောင်များ ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်း မ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးမှူး တာဝန်ထမ်း ဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ကြရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများက ကြီးကြပ်ရေးမှူး တာဝန်ထမ်း ဆောင်ကြရမည့် မြို့နယ်နှင့်ကျောင်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးရန်အတွက် မေးခွန်းလွှာများကို စတင်ထုတ်ယူကြရတော့မည် ဖြစ်ကြောင်း၊ ထုတ်ယူပြီးသော မေးခွန်းလွှာများကို တာဝန်ကျရာဒေသများသို့ အဆင်ပြေချော့မွေ့စွာ ရောက်ရှိနိုင်ရေးနှင့် စနစ်တကျသိမ်းဆည်းထားနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၁၉၂၇၇ ဦးဝင်ရောက်ဖြေဆိုမည်ဟု သိရပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် အောင်ချက်ရာခိုင်းနှုန်းကို ကြည့်မည်ဆိုလျင် ယခင်နှစ်က ၄၇ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဆရာကြီး၊ ဆရာမကြီး များလည်း တက်ရောက် လာကြသည့်အတွက် မေးခွန်းလွှာများထုတ်ယူသယ်ဆောင်ရန်အတွက် အဆင်ပြေဆုံးဖြစ်အောင် စီစဉ်ထားသည်ကိုလည်း တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းများ အများဆုံး ဖွင့်လှစ်သင်ကြားနေသည်ကို တွေ့ရပါကြောင်း၊ တက္ကသိုလ်မှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက တက္ကသိုလ်ဝင် စာမေးပွဲစစ်ဆေးမှုများတွင် ကြီးကြပ်ပေးမှုများရှိမည်ဖြစ်ကြောင်း၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း အထူးဂရုပြုဆောင်ရွက် ကြစေလိုကြောင်းနှင့် KG +9   ဖြေဆို အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာတစ်နိုင်ငံလုံးတွင် ခရိုင် (၅၀)၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်း (၅၁) ကျောင်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းပြောကြားသည်။

ဆက်လက်၍ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ပညာရေးမှူးတို့က စာမေးပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စေတနာညကျောင်းစာသင်ဝိုင်းများတွင် စေတနာထက်သန်စွာဖြင့် ပညာသင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် ၁၅၉ သိန်းနှင့် ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၆၀ ကို ပြည်နယ်ပညာရေးမှူးနှင့် ကြီးကြပ်ရေးမှူး ဆရာမကြီးတစ်ဦးတို့ထံ ပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ နှစ်ထပ်စာသင် ဆောင် ဆောက်လုပ်နေမှုအားလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း ရူပမြောက်နှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုအားလည်းကောင်း၊  အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်း ဆောက်လုပ်နေမှုတို့အားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)