ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၂-ခုနှစ်၊ ဓမ္မာစရိယ၊ နိကာယ်၊ ပထမပြန် စာအောင်ပုဂ္ဂိုလ်များအား အောင်လက်မှတ်ဆက်ကပ်ပွဲနှင့် စာအောင်ဆုများလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်း (၁)နာရီအချိန်က ရပ်ကွက်ကြီး(၁)ရှိ ဥပတ္ထမ္ဘကအသင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကာ ပြင်ဦးလွင်မြို့ရှိ ရတနာမာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများလျှောက်ထား၍ ဆရာတော် သံဃာတော် အရှင်မြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ရတနာမာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ အနုမောဒနာ ရေစက်ချတရားနာယူကြည်ညိုကြပြီး စာအောင်သံဃာတော်များနှင့် သီလရှင်အပါး(၂၂၈) ပါးတို့အား ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ အောင်လက်မှတ်နှင့် စာအောင်ဆုများ အသီးသီးဆက်ကပ်ပူဇော်ခဲ့ကြပြီး သင်္ကန်း၊ ထီး၊ ဖိနပ်၊ နဝကမ္မစသည်တို့နှင့် ဆွမ်းဆန်တော်၊ ဆီနှင့်ဆားများ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)