မန္တလေးတက္ကသိုလ်တွင် ပညာရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား မြို့မိမြို့ဖများ၏ စတုတ္ထအကြိမ်ပညာရည်ချွန်ရွှေတံဆိပ်ဆုဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

ချမ်းအေးသာစံ   ဖေဖော်ဝါရီ  ၂၇

မန္တလေးတက္ကသိုလ်တွင် ပညာရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား မြို့မိမြို့ဖများ၏ စတုတ္ထအကြိမ်ပညာရည်ချွန်ရွှေတံဆိပ်ဆုဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီက မန္တလေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ကျေးဇူးတင်စကားပြောကြားပြီး မြို့ မိမြို့ဖ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ဆုချီးမြှင့်လှူဒါန်းရသည့် အကြောင်းအရင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၏ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေဥနှင့် အလှူရှင်များက ဆုရရှိသူများကို ပညာရည်ချွန်ရွှေတံဆိပ်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ပညာရည်ချွန်ရွှေတံဆိပ်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဆုရရှိသူတစ်ဦးကကျေးဇူးတင်စကား ပြောကြားပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၏ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေဥ၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းနှင့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလှိုင်