မန္တလေး ဖေဖော်ဝါရီ ၂၆
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၏၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံလမ်းရှိတက္ကသိုလ်၏ မဉ္ဇူသကခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးကဏ္ဍများတွင် အနီးကပ်အလေးထားဆောင်ရွက်နေကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် စသည့် အနုပညာရှင်များကို မွေးထုတ်ပေးလျက်ရှိရာ (၂၂)နှစ်တာကာလတိုင်ပြီဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံ၏အမျိုးသားယဉ်ကျေးမှုနှင့် တိုင်းရင်းသားတို့၏ ရိုးရာအနုပညာရပ်များကို မပျောက်ပျက်အောင်၊ ထာဝစဉ်တည်တံ့အောင် ကမ္ဘာ့အလယ်တွင် မြန်မာ့ယဉ်ကျေးမှုအဆင့်အတန်းကို ပြသနိုင်အောင်အတွက် အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းသင်ယူလေ့လာကြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ဆောင်ရွက်ကြသူများဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပျောက်မည်ဆိုသည့် ဆိုရိုးစကားအတိုင်း မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများအပေါ် အခြားသောယဉ်ကျေးမှုများ လွှမ်းမိုးမသွားစေရန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုများ ထာဝစဉ်တည်တံ့နေစေရန်၊ နောင်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းအမွေများပေးနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းကာ အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာရပ်များကိုထိန်းသိမ်းပြန့်ပွားအောင် ဆောင်ရွက်နိုင်သော၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်သော၊ သုခုမအနုပညာရပ်များ ထာဝစဉ်တည်တံ့စေရန် စွမ်းဆောင်နိုင်သော သုတေသနလုပ်ငန်းများပိုမိုလုပ်ဆောင်ပြီး တိုင်းပြည်အကျိုး ထမ်းရွက်သယ်ပိုးသူများဖြစ်သည်အထိ အားထုတ်ကြိုးပမ်းနေကြရမည်ဖြစ်ကြောင်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ တီထွင်နိုင်စွမ်း၊ စုပေါင်းဆောင်ရွက်နိုင်စွမ်းများရှိရန် ဝေဖန်ဆန်းစစ်ကာ အမြဲကြိုးစား၍ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်နေရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသားကျောင်းသူများ၏ တေးသီချင်းများ၊ ယဉ်ကျေးမှုအကအလှများ ဖျော်ဖြေတင်ဆက်မှုများ၊ တက္ကသိုလ်မောင်နှင့် တက္ကသိုလ် မယ် ရွေးချယ်မှုများကို ကြည့်ရှုအားပေးကာ ဆုများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များမှ ဖိတ်ကြား ထားသော ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တင်ဇာလှိုင်