ရွှေကူ စက်တင်ဘာ ၂၉
ကချင်ပြည်နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ရွှေကူမြို့ပေါ်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနှင့် ကျေးရွာအချို့ရှိ လူနေအိမ်များအတွင်း ဧရာဝတီမြစ်ရေများ ဝင်ရောက်ခဲ့ရာ အိမ်ထောင်စုများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၍ ယာယီပြောင်းရွှေ့ နေရာချထားကြောင်း သိရသည်။
ရွှေကူမြို့နယ်တွင် စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရေဘေးကျရောက်၍ ပြောင်းရွှေ့ပေးခဲ့ရသော အိမ်ထောင်စုပေါင်း ၁၅ စုရှိပြီး ရေဘေးကျရောက်သော အိမ်ထောင်စုများအား ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက မီးသတ်ယာဉ်တစ်စီးဖြင့် ဧရာဝတီမြစ်ရေများ ဝင်ရောက်သော အိမ်ထောင်များစုအား ရေဘေးလွတ်ရာသို့ ပစ္စည်းများ ထုတ်ပိုးသယ်ယူ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေဘေးကျရောက်သော အိမ်ထောင်စုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိ သူများက ရွှေကူမြို့ ဘောဂဗလရပ်ကွက် အခြေခံပညာကျောင်း၊ မြဝတီဘုန်းတော်ကြီးကျောင်းနှင့် အောင်တော်မူဘုရားတို့တွင် ယာယီပြောင်းရွှေ့ကာ နေရာချထားခြင်းများ ဆောင်ရွက်ခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ မြန်မာစံတော်ချိန် (၁၀)နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာတွင် ရောက်ရှိနေသဖြင့် မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန်နှင့် ကျွဲ၊ နွား တိရိစ္ဆာန်များအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြေနိမ့်ပိုင်းတွင် နေထိုင်သော ပြည်သူများအား အသံချဲ့စက်ဖြင့် မြစ်ရေကြီးမှု အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)