မိုင်းယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအား ကွင်းဆင်းစစ်ဆေး

မိုင်းယန်း ဖေဖော်ဝါရီ  ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သီဟ၊ ခရိုင်ပညာရေးမှူး ဦးသိန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်နှင့် တာဝန်ရှိသူများက မိုင်းယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းယန်း)တွင် စာမေး ပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက်  စာဖြေခန်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေးစီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် မီးဘေးလုံခြုံရေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)