မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း ဆောင်ရွက်

မောက်မယ် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စုပေါင်းရုံးဝန်းအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြိှမ်းသတ် သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ စုပေါင်းရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများ ဖြစ်ပွားလာပါက အရေးပေါ်မီးငြိှမ်းသတ်နိုင်ရန်အတွက် DCP မီးသတ်ဆေးဗူး ကိုင်သွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်ပြီး ရုံးပေါင်းစုံဝန်းအတွင်း၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဌာနဆိုင်ရာဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်ပုံစံများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိှမ်းသတ် သရုပ်ပြသခဲ့ပြီး လက်ကမ်းစာစောင်များပါ ဝေငှပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)