လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက သက်တော်ရှည် ဆရာတော်ကြီး၏ (၉၁) နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်ကြည်ညို

လယ်ဝေး ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနနာယက သက်တော်ရှည်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိဒ္ဒ မထေရ်မြတ်၏ သက်တော် (၉၁) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက အဆိုပါစာသင်တိုက်၌ကျင်းပရာ ဆရာတော်သံဃာတော် (၅၀)ပါး ကြွရောက် ချီးမြှင့်တော်မူ သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့်ဇနီး၊ ဦးမြင့်စိုးနှင့်ဇနီး၊ ခရိုင်သာသနာရေးမှူး ဦးကျော်ဝင်းအောင်၊ လယ်ဝေးခရိုင် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်ဇနီး၊ ဦးမြင့်စိုးနှင့်ဇနီးတို့က ဆရာတော်ကြီးထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်​ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘန္တဒ္ဒဇနိဒ္ဒ ထံမှရေစက်ချတရားတော် နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ဧည့်ပရိသတ်များနှင့် ရေစက်သွန်းချ အမျှဝေခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်၄ နာရီက ပင့်သံဃာ (၅၀)ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပင့်သံဃာ(၁၀၅၀)ပါးအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကာ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)