ကျိုင်းတောင်း ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေး မွေးမြူရေးပညာရပ်များကို ပညာသင်ယူနိုင်မည့်အခွင့်အလမ်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်ကျောင်း(တုန်ဟုန်း)၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်ကျောင်း(တုန်ဟုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပေးပြောကြားရာတွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အဆိုပါ အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ကြောင်း၊ အလယ် တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီးပါက ပညာဆက်လက်သင်ယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ သိရှိနိုင်စေရန် (၁)အခြေခံပညာအထက်တန်းဆင့်၊ (၂)စက်မှုနည်းပညာ၊ (၃)စိုက်ပျိုးရေးအတတ်ပညာ၊ (၄)မွေးမြူရေးအတတ်ပညာစသည့် ပညာရေးလမ်းသွယ်(၄)မျိုး ရွေးချယ်သင်ယူနိုင်မည့် အခွင့်အလမ်းများအကြောင်းတို့ကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပေးပြောကြားရာသို့ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)