ခရမ်းမြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးဝါးကုသ

ခရမ်း ဖေဖော်ဝါရီ ၂၇

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဦးဆောင်ပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့က ခရမ်းမြို့နယ်တွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေနှင့်အတူ ခရမ်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် သန်လျင်မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ဝါဝါလင်း တောင်ပိုင်းခရိုင် ဒုတိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုးတို့က ၂၆.၂.၂၀၂၃ ရက်နေ့တွင် ခရမ်းမြို့နယ် အထက်ခမတ်ကျေးရွာသို့  တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်တိုင်းရင်းဆေးမှူးမှ ဒူးနာခါးနာနှင့်အရိုးအဆစ်ရောဂါများအကြောင်းနှင့် နေထိုင်နည်းစနစ်များကို ဒေသခံ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀) ဦးတို့အား အသိပညာပေး ဟောပြောပို့ချခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့‌ကြောင်း သိရသည်။

ထို့နောက် တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း၊ သွေးတိုး၊ ဆီးချို၊ လေဖြတ်၊ လေငန်း၊ အာရုံကြောအားနည်းရောဂါတို့အား ကုသပေးခဲ့ရာ လူနာ ကျား(၂၈)၊ မ(၇၂) ဦး စုစုပေါင်း (၁၀၀) ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို စကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ရွှေသိန်းမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ အေးချမ်းစံတိုင်းရင်း​​​ဆေးဝါး ထုတ်လုပ်​ရေးတို့မှ တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုမင်း( ခရမ်း )