ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်များအတွင်း ဘုရားဖူးဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိပြီး တည်းခိုဆောင်များပြည့်သည်အထိ လာရောက်ကြကြောင်း သိရသည်။
ဘုရားဖူးလာရောက်ကြသူများသည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ရင်ပြင်တော်နှင့် အနီးဝန်းကျင်ရှိ တည်းခိုဆောင်များတွင် အနားယူအပန်းဖြေကြကာ ညနေအေးအေးနှင့်ညချမ်းအချိန်တွင် စေတီတော်ကြီးအား တက်ရောက်ဖူးမျှော်ပြီး အဓိဓ္ဓာန်ဝင်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းနှင့် နံနက်အာရုံတက်ချိန်တွင် အာရုံဆွမ်းကပ်၍ ဘုရားဝတ်ပြုခြင်းတို့ကိုပြုလုပ်ကြပြီး ဘုရားကြီး၏ရင်ပြင်တော် တိုးချဲ့တည်ဆောက်နေမှု လုပ်ငန်းများအတွက် ကုသိုလ်ယူ ပါဝင်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ဘုရားဖူးဧည့်သည်များသည် ပင်လယ်ဒေသ၏ လှပသောသဘာဝတရားကို ကြည့်ရှုခံစားပြီး ကျောက်ဆောင်များပေါ်တွင် အလှဓာတ်ပုံများရိုက်ကူးခြင်း၊ ငွေတောင်ရေချိုးဆိပ်သို့သွားရောက်ပြီး ရေကူးအပန်းဖြေအနားယူကြကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)