မိုင်းယု ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ရွှေဖရုံသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၃၀၀ ကျပ်ဖြင့် ဈေးကောင်းရသဖြင့် ဖရုံစိုက်တောင်သူများ အချိန်မီ ခူးဆွတ်တင်ပို့ ရောင်းချနေလျက်ရှိကြသည်။
ယခင်က ကိုဗစ်-၁၉ ရောဂါ အခြေအနေအရပ်ရပ်များကြောင့် စိုက်ပျိုးသီးနှံများ တင်ပို့ရောင်းချရန် အခက်အခဲများနှင့်ကြုံတွေ့နေရပြီး ဒေသတွင်းတောင်သူများထံသာ အမြတ်စွန်း နည်းပါးစွာဖြင့် ရောင်းချနေရကြောင်း၊ ယခုနှစ်တွင် နယ်စပ်လမ်း၊ တံတားများ ပြန်လည်ဖွင့်လှစ်လာ၍ အခြားနိုင်ငံသို့ အချိန်မီတိုက်ရိုက်ရောင်းချနေရ၍ မိုင်းယုဒေသထွက် စိုက်ပျိုးသီးနှံ ရွှေဖရုံများ ဈေးကောင်းရလျက်ရှိကြောင်း၊ ယခင်နှစ် ရွှေဖရုံသီးတစ်ကီလို ပေါက် ဈေးမှာ ငွေကျပ် ၂၀၀ ထိသာရရှိခဲ့သော်လည်း ယခုနှစ် လက်ရှိပေါက်ဈေး ရွှေဖရုံသီး တစ်ကီလိုလျင် (၁၃၀၀) ကျပ် ပေါက်ဈေးရရှိသဖြင့် တောင်သူတို့ အဆင်ပြေလျက်ရှိကြောင်း ဖရုံစိုက်တောင်သူကပြောသည်။
မိုင်းယုမြို့တွင် တောင်သူများမှာ မိမိတို့၏ တောင်ယာမြေတို့တွင် ရော်ဘာ၊ ပြောင်း၊ ဖရုံ၊ ငရုတ်နှင့် ပဲအမျိုးမျိုးတို့ကို စီပွားဖြစ် အားထားစိုက်ပျိုးလျက်ရှိကြပြီး ထွက်ရှိလာသည့် သီးနှံများအား အကျိုးအမြတ်များစွာရရှိစေရန်အတွက် မိုင်းယုဒေသရှိ မိုင်းယု-ကျိန်းယဲန်း တံတားမှတဆင့် အခြားဒေသတို့ကို အများဆုံးတင်ပို့ရောင်းချလျက်ရှိကြကြောင်း သိရသည်။
ကိုကိုနိုင်