ကျန်းမာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ကျန်းမာရေးဝန်ကြီးဌာအောက်ရှိ ရုံးဌာနများအား လှည့်လည်ကြည့်ရှု၊ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံ၌ ဆရာဝန်ကြီးများနှင့်တွေ့ဆုံ

စစ်တွေ    ဖေဖော်ဝါရီ  ၂၇

ကျန်းမာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများသို့ သွားရောက်လှည့်လည် ကြည့်ရှုပြီး စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုပြီး တိုင်းရင်းဆေးရုံ တွင် တက်ရောက်ဆေးကုနေကြသည့် လူနာများအားလှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ဆေးရုံးကြီး အစည်းအဝေး ခန်းမ၌ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြု ဆရာမကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အခြားကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှဝန်ထမ်းများ၊ FDA ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် စစ်တွေဆေးရုံကြီး လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက်  တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက မိမိတို့ဌာန အလိုက်လိုအပ်ချက်များကိုဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၊  ဖျားနာဆေးကုသဆောင်၊ ကလေးလူနာ ကုသဆောင်၊ မျက်စိလူနာကုသဆောင်၊ နားနှာခေါင်း လည်ချောင်း လူနာကုသဆောင်နှင့် ကျောက်ကပ်သန့်စင်ဌာနတို့ကိုလှည့်လည် ကြည့်ရှုရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များက လိုက်လံရှင်း လင်းပြသခဲ့ကြောင်းသိရသည်။

 တင်ထွန်း(ပြန်/ဆက်)