သန်လျင် ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးတို့အတွက် စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှု့ရန် အချိန်မပေးနှိုင်သူများအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်စာစောင်များငှားရမ်းခြင်းကို ဖေဖော်ဝါရီ ၂၃ ရက်က သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် တက္ကသိုလ်များ၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းရုံး၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ လူမှုဖူလုံရေးရုံးနှင့် အာမခံရုံးများသို့ လှည့်လည်၍ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။ ခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက တပ်ဖွဲ့တာဝန်များနှင့် စာကြည့်တိုက်သို့ မသွားရောက်နိုင်သည့်အချိန်များတွင် ယခုလိုစခန်းသို့အရောက် စာအုပ်စာစောင်များငှားရမ်းပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ စာပေဗဟုသုတများကို တပ်ဖွဲ့ဝင်များ၊ မှီခိုအိမ်ထောင်စုဝင်များ ဖတ်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(သန်လျင်)အနေဖြင့် ကျန်ရှိသော ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ဆက်လက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်ဆက်)