ချင်းရွှေဟော်မြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်

ချင်းရွှေဟော် ဖေဖော်ဝါရီ  ၂၆

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွေဟော်မြို့မြို့မဈေးတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးဟိန်းမြတ်ဇော် မီးသတ်ဦးစီးဌာနမှလက်ထောက်ဦးစီးမှူး ဦးဝင်းစိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးဘေးလုံခြုံရေးအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများက မြို့မဈေးအတွင်း၊အပြင်ရှိ မီးသတ်​ရေငုတ်(Hydrant)များကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်းနှင့် ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများနှင့် မီးငြှိမ်းသတ်ကိရိယာများ စနစ်တကျထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး ပြောကြားခဲ့သည်။

ထို့ပြင် မီးသတ်ဆေးဘူးများ၊ ရေစိုအဝတ်များဖြင့်မီးငြိမ်းသတ်ခြင်းများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ရှင်းလင်းသရုပ်ပြသခဲ့ပြီး ဈေးသူဈေးသားများနှင့်ဈေးတာဝန်ရှိသူများအား လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်စေခဲ့ကြောင်း သိရှိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)