မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာပျော်ရွှင်စွာဖြင့် စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့များက တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်းရှိ စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျ ရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ အကြီး အကဲများကလည်း ပါဝင်အားဖြည့်ဆောင်ရွက်ပေးခဲ့ပြီး၊ မီးသတ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင်များအား အလှည့်ကျမီးဘေးလုံခြုံရေး၊ ကျောင်းပတ်ဝန်းကျင်လုံခြုံရေး တာဝန်ပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)