မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လူငယ်များ ဘောလုံးကစားခြင်းကို စနစ်တကျရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ MFF.D/ AFC.C လိုင်စင်ဘောလုံးနည်းပြအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို (ည)ရပ်ကွက်၊ ဘုမ္မာ(၁၂)လမ်းတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဦးအောင်မြင့်ကြည်၊ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်နည်းပြဆရာဦးဖုန်းညွန့်၊ (ည)ရပ်ကွက်ဥက္ကဋ္ဌဦးသန်းမြင့်၊ ရန်ကုန်တိုင်းအား/ကာလက်ထောက်ညွန်ကြားရေးမှူး ဦးမင်းဆွေဦး၊ ခရိုင်အား/ကာလက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူ၊ မြို့နယ်အားကစားမှူးဦးအောင်နိုင်ဦးတို့က သင်တန်းသား(၂၄)ဦးကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာလက်ရွေးစင်အားကစားသမားဟောင်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)