တပ်ကုန်း ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများဆောင်းသီးနှံအဖြစ် အာလူး၊ ကြက်သွန်နီ၊ ဖရဲ၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာပွင့်၊ ပြောင်း၊ နေကြာ၊ မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပန်းများနှင့် မီးဖိုချောင်သုံးသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကွင်းအမှတ်(၁၃၁၆)ကွင်း၊ တောင်သူအချို့ ရွှေယင်းမာပဲကို သီးညှပ်စိုက်ပျိုးကာ ပိုးမွှားကင်းပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ဒီ ရွှေယင်းမာပဲစိုက်ခင်းကို ငရုတ်ခင်းအတွင်း မြေအစိုဓာတ်ရှိတဲ့ တော်သလင်းလမှာ ထယ်နဲ့စမ်းဖော်စိုက်ပျိုးတယ်၊ မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကကို (၇)ပြည်၊(၈)ပြည်နှုန်း စိုက်ပျိုးတယ်၊ အခုနှစ်က ရာသီဥတုအဆင်ပြေတော့ ပိုးမွှားကင်းတဲ့အပြင် အပွင့်များဖြိုင်ဖြိုင်ပွင့်ပြီး သီးနှုန်းတွေများတယ်၊ အပွင့် ပွင့်တဲ့အချိန် ရာသီဥတုဖောက်ပြန်ပြီး မိုးရွာခဲ့မယ်ဆိုရင် အပင်များမှအပွင့်တွေပုတ်ခြောက်ပြီး သီးနှုန်းကျဆင်းပါတယ် ရွှေယင်းမာပဲစိုက်ခင်းတွေက နှင်းကျတာကိုကြိုက်နှစ်သက်တယ်၊ တစ်ဧကလျှင်တင်း(၂၅)မှ (၃၀)ထွက်ရှိနိုင်ပါတယ်၊ ယခင်နှစ်က ရွှေယင်းမာပဲ တစ်တင်းကို (၅၀၀၀၀)ကျပ်မှ(၆၀၀၀၀)ကျပ်ထိ ရောင်းချရပါတယ်၊ အခုနှစ် ရိတ်သိမ်းချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိဖို့ မျှော်လင့်တယ်” လို့ ရွှေယင်းမာပဲ စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
တင်စိုးလွင်