တပ်ကုန်းမြို့၌ ညောင်ရွက်နုနှင့်တမာရွက်နုပြုတ် ရောင်းချသူများ ဈေးကောင်းရရှိ

တပ်ကုန်း ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အလေ့ကျပေါက်ရောက်သည့် ညောင်ပင်နှင့်တမာပင်(ဒေသအခေါ်)စားပင်များမှ ညောင်ရွက်၊ တမာရွက်အနုများခူးယူ ပြုတ်ရောင်းချသူများရောင်းအားကောင်းမွန်ပြီး၊ဈေးကောင်းရရှိ၍ ရာသီချိန်အတွင်း မိသားစုစားဝတ်နေရေးအတွက်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ညောင်ရွက်နှင့်တမာရွက်နုများက  အရွက်နုရာသီချိန်ဆိုတော့ ညောင်ရွက်၊ တမာရွက်ပြုတ်များကို ထမင်းဝိုင်းမှာတို့စရာအဖြစ် အိမ်ရှင်မများကဝယ်ယူသုံးပြုကြတော့ ရောင်းအားကောင်းပါတယ်၊ ရာသီစာတို့စရာအရွက်ဆိုတော့ ဈေးကလည်းရပါတယ်၊ ညောင်ရွက်နုပြုတ် တစ်ပိဿာကို ငွေကျပ်လေးထောင်နှုန်း၊ တမာရွက်နုပြုတ်ကလည်း တစ်ပိဿာကိုငွေကျပ် လေးထောင်နှုန်းခန့် ရောင်းချရပါတယ်၊ အခုချိန်က ညောင်ရွက်နု၊တမာရွက်နုပြုတ်ရောင်းတဲ့လုပ်ငန်းများက မိသားစုအတွက်ဝင်ငွေရရှိလို့ လုပ်ငန်းအဆင်ပြေပါတယ်” ဟု တပ်ကုန်းမြို့မဈေးအတွင်းရှိ ညောင်ရွက်ပြုတ်၊ တမာရွက်ပြုတ် လာရောက်ရောင်းချသည့် အမျိုးသမီးတစ်ဦးထံမှ သိရသည်။

တင်စိုးလွင်