ကျောက်ဆည်မြို့နယ်  စပယ်ပန်းပန်း စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ

​ကျောက်ဆည် ဖေဖော်ဝါရီ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊မြောင်း၊ချောင်း၊ကန်ပေါများပြီး ဆည်ရေဖြင့်ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ယာမြေနှင့်ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီ စသည့်မီး ဖိုချောင်သုံးသီးနှံများအပြင် ပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချလျက်ရှိရာ ပြည်ပန်းကျေးရွာတွင် စံပယ်ပန်း စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

စပယ်ပန်းစိုက်ပျိုးရာတွင် လေဝင်လေထွက်နှင့်အလင်းရောင်ကောင်းစွာရရှိစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၀)ပေခန့်အကွာစိုက်ပျိုးရကြောင်း၊ စံပယ်ပန်းသည် တပိုတွဲလလယ်မှစ၍ တန်ခူးလယ်အထိ နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်းနှင့်ရောင်းချရာတွင် တစ်ရက်ဝင်ငွေမှာသုံးသောင်းကျပ်မှ လေးသောင်းကျပ်အထိရရှိကြောင်း စပယ်ပန်း (၄၅)ပင်စိုက်ပျိုးထားသည့် ထားဝယ်ကျေးရွာမှ ဦးဇော်ဝင်းက ရှင်းလင်းပြောပြ၍ သိရှိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ ငရုပ်စသည့် သီးနှံများစိုက်ပျိုးရာတွင် လုပ်သားရှားပါးမှုအခက်အခဲနှင့် သွင်းအားစုများပိုမိုသုံးစွဲရဖြင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ပြီး နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ကာလတိုသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

သက်မောင်