သန်လျင် ဖေဖော်ဝါရီ ၂၅
သန်လျင်ခရိုင်၊သန်လျင်မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်(၂)နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့=ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ခရိုင်အတွင်းရှိမြို့နယ်များ၏ ဒေသလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့်လုပ်ငန်းရပ်များ ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီးတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြိုးစားဆောင်ရွက်သွားကြရန် အသေးစိတ်ဆွေးနွေးမှာကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီးဝင်းမိုးနိုင်နှင့်အဖွဲ့ဝင်များက ဒေသတည်ငြိမ်အေးချမ်းရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကျေးလက်လူမှုစီးပွားဘဝများ တိုးတက်ရေးဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ကွက်ကျေးရွာအတွင်း ပညာရေး၊ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များနှင့်စပ်လျင်း၍ သန်လျင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါအခမ်းအနားသို့ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ကျေးရွာခွဲတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများတက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)