မိုင်းပျဉ်း ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်း အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကွင်းလယ်ဒိုင်လူကြီးနှင့် စည်းကြပ်ဒိုင်များ၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများက ကစားကွင်းအတွင်းနေရာယူကြကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန်(၄)ချက် သံပြိုင်ရွတ်ဆိုခြင်းများကို ဆောင်ရွက်ကြပါသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဦးအောင်မျိုးသူက ဘောလုံးအားကစားပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းများမှ ပန်နောင်လုံအသင်းနှင့် တုံတာအသင်းတို့က စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘောလုံးအားကွင်းအတွင်းသို့ ကန်သွင်းပေးပြီး ဘောလုံးကစားပွဲကို စတင်ခဲ့သည်။ အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းအမျိုးသား ဘောလုံးအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားသို့ မိုင်းပျဉ်းတပ်နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)