ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးသွားနိုင်ရန်အတွက် ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ထားလျက်ရှိရာ ယခုနှစ်မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်လည်း ပျိုးပင်ပေါင်းလေးသောင်း ခုနှစ်ထောင်ကျော်ကို အဆိုပါပျိုးဥယျာဉ်တွင် ဆက်လက်၍ပျိုးထောင်ထားရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အနေနဲ့ ယခုနှစ် မိုးရာသီကာလအတွင်းမှာ သစ်ပင်စိုက်ပျိုးနိုင်ဖို့အတွက်ဆိုပြီးတော့ သီတာအေးပျိုးဥယျာဉ်မှ ပျိုးပင်ပေါင်း(၄၇၉၂၄)ပင်ကိုပျိုးထောင်ထားရှိပါတယ်။ စတင်ပျိုးထောင်ထားတာကတော့ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလကနေစတင်ပြီး ပျိုးထောင်ထားတာဖြစ်ပါတယ်ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက ရှင်းပြသည်။
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှကာကွယ်နိုင်ရန် ရည်ရွယ်၍ ပျိုးပင်များကိုပျိုးထောင်ထားရှိခြင်းဖြစ်ပြီး ယခုနှစ်မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ထန်းတပင်မြို့နယ်သီတာအေးပျိုးဥယျာဉ်တွင် ကျွန်းပင်၊ ပျဉ်ကတိုးပင်၊ ပိတောက်ပင်၊ မဟောဂနီပင်၊ ပင်လယ်ကဗွီးပင်၊ ပျဉ်းမပင်၊ မအူပင်၊ ထိုင်ဝမ်းဘန်ဒါပင်၊ မန်ဂျန်ရှားပင်၊ ခရေပင်များကိုပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)