သီပေါ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်နှင့် ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက် ဖြစ်ကြောင်း၊ ပညာဆိုရာမှ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ စီမံခန့်ခွဲမှုပညာ စသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်း၊ လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ မိမိဝါသနာ၊ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်များ ရှိရမှာဖြစ်ကြောင်း၊ ထိုရည်မှန်းချက်ကို အဓိကထားပြီး ကြိုးစားရမှာဖြစ်ကြောင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေ အလကားမဖြစ်စေဘဲအကျိုးရှိစွာ ကုန်ဆုံးစေလိုကြောင်း၊ ရည်မှန်းချက်ရှိသူနဲ့မရှိသူမှာ ဘဝတိုးတက်မှု ကွာခြားပါကြောင်း စသည်ဖြင့် အသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက လူတစ်ယောက်ရဲ့ရည်မှန်းချက်ဟာ အဲ့ဒီလူရဲ့ကြိုးစား အားထုတ်မှုပေါ်တွင်လည်း မူတည်ပါကြောင်း၊ ရည်မှန်းချက်သာရှိတယ် ဘာတစ်ခုမှ မကြိုးစားဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား နေမယ်ဆိုရင်လည်း တိုးတက်မှုမရှိနိုင်ပါကြောင်း၊ ရည်မှန်းချက် ထားရှိတဲ့အတိုင်း မဖြစ်မနေ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ အားစိုက်ထုတ်ပါမှ ရည်မှန်းချက်ပန်းတိုင်ရောက်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ ပြန်/ဆက်)