ပြင်ဦးလွင် စက်တင်ဘာ ၂၉
ပြင်ဉီးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ပြည်ပမှ ဝင်ရောက်လာသူများနှင့် သံသယလူနာများ တွေ့ရှိပါကထားရှိရန် အမျိုးသားသီးသန့်အဆောင်နှင့် အမျိုးသမီး သီးသန့်အဆောင်တို့အား (၂၇ - ၅ - ၂၀၂၀) ရက်နေ့မှ စတင်ပြီး ကျန်းမာရေး စစ်ဆေးမှု များနှင့်အတူ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ဇီးပင်ကြီးတွင် ဖွင့်လှစ်ထားသော Facility Quarantine Centre တွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာ နေ့/ ည တာဝန်များခွဲ၍ ပြည်ပမှ ဝင်ရောက်လာသူများအား စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း၊ ရောဂါ ရှာဖွေခြင်းလုပ်ငန်းများနှင့် ပြည်တွင်းမှရောက်ရှိလာသော သံသယလူနာများကိုလည်း သီးသန့် အဆောင်များခွဲ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်နှင့်တပြေးညီ ထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက် အဆိုပါ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဇီးပင်ကြီး၌ ကုတင် (၅၀) ဆံ့ ဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါ လူနာများထားရှိကုသရန် လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဉီးလွင်)