စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ သင်ယူခွင့်ရရှိရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်ကြီး  ဖေဖော်ဝါရီ  ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အလယ်တန်း (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား/သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ သင်ယူခွင့်ရရှိရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် တောင်ကြီးခရိုင် ပညာရေးမှူး ဒေါ်ယဉ်မင်းစု အဖွင့်အမှာစကား ပြောကြားပြီး တောင်ကြီးမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်က ကျောင်းသား /သူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းများ တက်ရောက်သင်ယူခြင်း အားဖြင့် ရရှိလာမည့် အခွင့်အလမ်းများအကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေး ဟောပြောသည်။

ထို့နောက် အေးသာယာ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးအုန်းကျော်မြင့်က တောင်ကြီးမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းမှ တာဝန်ယူ ဖွင့်လှစ်သည့်ကျောင်းတွင် လာရောက်တက်ရောက်မည့် ကျောင်းသား/ သူများကို ကျောင်း၏ ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များအား တင်ပြခြင်းပြီး ကြိုဆိုဖိတ်ခေါ် စကားပြောကြားသည်။

အသိပညာပေးဟောပြောပွဲသို့ တောင်ကြီးခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)