သာစည် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ များနှင့် စာပေဝါသနာရှင်များ ရသလမ်းဆုံစာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရသလမ်းဆုံ စာဖတ်ဝိုင်းတွင် စာရေးဆရာအလင်းချို (သာစည်) က ကဗျာဆရာ မောင်သိန်းဇော်၏ တောင်ကုန်းအဟောင်းများစာအုပ်မှ ပန်းကလေးကဗျာကို ရွတ်ဆိုကာ ကဗျာဆရာမောင်သိန်းဇော်မှာ မန္တလေးသိန်းဇော်ဖြစ်ကြောင်း မိတ်ဆက်ပေးပြီး ကဗျာပါ အကြောင်းအရာကို ခံစားဆွေးနွေးသည်။ ဆက်လက်ပြီး ၎င်းက လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချကုန်ဆုံးစေလိုကြောင်း၊ အားလပ်ချိန်များတွင် စာဖတ်စေလိုကြောင်းနှင့် အတွေးအခေါ်များနှင့် ဗဟုသုတများစွာရရှိစေသော စာရေးဆရာများအကြောင်းတို့ကို ဆွေးနွေးသည်။
ထို့နောက် စာရေးဆရာဝေးရင့်သီက စာဖတ်ဝိုင်းဆိုသည်မှာ စာတစ်ပုဒ် (သို့မဟုတ်) ကဗျာတစ်ပုဒ်ကို ခံစားပြီး အမြင်ခြင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးရမှာဖြစ်ကြောင်း၊ အနုပညာတွင် ပညာတတ်ခြင်းမတတ်ခြင်းနှင့် မဆိုင်ကြောင်း၊ စာပေသမားများသည် တွေ့မြင် ရတဲ့ အရာတွေ၊အမြင်တွေ၊ ပတ်ဝန်းကျင်တွေကို ဖမ်းယူဆုပ်ကိုင်ရေး ဖွဲ့လေ့ရှိကြကြောင်း၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများတွင် မိမိတို့အတွေးအမြင်များကို ရဲရဲဝံ့ဝံ့ ပါဝင်ဆွေးနွေးစေလိုကြောင်း၊ စာရေးသားလိုပါကလည်း များများဖတ်၊ များများရေးခြင်းဖြင့် တိုးတက်လာမည်ဖြစ်ကြောင်းတို့ကို ပြောကြားပြီး ပန်းကလေးကဗျာပါ အကြောင်းအရာကို ခံစားဆေွးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပြီး စာရေးဆရာများက အသိပညာ ဗဟုသုတများနှင့် စာပေရေးသားနည်းတို့ကို စာပေဝါသနာရှင်များအား မျှဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရသလမ်းဆုံစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မှ စာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)