ဆီဆိုင်မြို့နယ်၌ လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်ရှင်းလင်း၍ ထောက်ပံ့ငွေများပေးအပ်

ဆီဆိုင် ဖေဖော်ဝါရီ    ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌  ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်ရှင်းလင်း၍ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ရှမ်းပြည်နယ်အတွင်း လေပြင်းဘေးဒဏ်ခံစားရမှုအခြေအနေ၊ မိုးသီးကြွေကျမှုဘေးဒဏ် ခံစားရမှုအခြေအနေ၊ မြို့နယ်များအလိုက် (၂၀၁၅မှ၂၀၂၂)ခုနှစ်အတွင်း လေပြင်းဘေးဒဏ် ခံစားရမှုအခြေအနေ၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ဆောင်ရွက်ခဲ့မှုစာရင်းနှင့် လုပ်ငန်းစဉ်များ၊ ရန်ပုံငွေရရှိ/ သုံးစွဲမှုစာရင်း၊ ကျေးရွာကော်မတီမှ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ဘေးဒဏ်ခံနိုင်မှုအတိုင်းအတာ၊ လုံခြုံစိတ်ချရသောနေအိမ် တည်ဆောက်ရာတွင် စဉ်းစားရမည့် အဓိကအချက်အလက်များ၊ ခံနိုင်စွမ်းရည်မြှင့်တင်ရန် လိုအပ်သည့်အခြေအနေများ၊ ခံနိုင်ရည် စွမ်းရည်မြှင့်တင်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အဆောက်အအုံခံနိုင်စွမ်းရည် မြှင့်တင်ခြင်း၏ အဓိကလုပ်ငန်း(၃)ခု၊ ဝါးနှင့်သစ်သားအိမ်များ ခံနိုင်စွမ်းရည်မြှင့်တင်ခြင်း၊ အုတ်ညှပ်အဆောက်အအုံများ ခံနိုင်စွမ်းရည်မြှင့်တင်ခြင်း၊ အုတ်ခံအဆောက်အအုံများ ခံနိုင်စွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက သိရှိလိုသည်များကိုပြန်မေးမြန်း ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၂၃)ရွာတို့မှ ပြုပြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း တင်ပြထားသည့်နေအိမ်(၁၄၂)လုံးအတွက် တစ်အိမ်လျှင် ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၅၆၈၀၀၀၀)ကို ထောက်ပံ့ပေးအပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ပြန်/ ဆက်)