သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်း ဖွင့်ပွဲကျင်းပ

သထုံ ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယမန်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်မှူး ဦးထွန်းထွန်းဝင်းက ငါးမွေးတောင်သူများ၏ စီးပွားရေးအခြေအနေများကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း‌ပေးနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အတွင်းရှိသည့် ငါးမွေးတောင်သူများနှင့် စိတ်ဝင်စားသူများကို ငါး‌မွေးမြူခြင်းလုပ်ငန်းနှင့်ပတ်သတ်၍  စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သင်ကြားပေးနေပြီး သိရှိခဲ့သည့်နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းဖြင့် အကျိုးပြုဆောင်ရွက်စေလိုကြောင်း မိမိတို့ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ငါးမွေးတောင်သူများအနေဖြင့် ကောင်းမွန်သည့် ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နဲ့အညီ ဂရုပြုဆောင်ရွက်စေလိုပါကြောင်း အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းတွင် ရေချိုငါးမျိုးနှင့် အလှမွေးငါးများ လက်တွေ့ဆေးထိုးသားဖောက်ခြင်း၊ ငါးအစာအဟာရနှင့်အစာကျွေးနည်းစနစ်၊ ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းစသည်တို့ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက်ကြာ အခမဲ့စားရိတ်ငြိမ်း ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ၊ ငါးလုပ်ငန်းစခန်းတာဝန်ခံများနှင့် သင်တန်းသား သင်တန်းသူ ၂၅ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ ဆက်)