မိုးညှင်း ဖေဖော်ဝါရီ ၂၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်းကုန်းကျေးရွာအုပ်စု အင်းကုန်းရွာတွင် မြစိမ်းရောင်ရန်ပုံငွေများကို ယနေ့နံနက် ၁၁ နာရီက အင်းကုန်းကျေးရွာရှိ ရွာလည်ဓမ္မာရုံ၌ တာဝန်ရှိသူများက ဒုတိယအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်စီမံကိန်းအနေဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်၊ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေများ ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း၊ အသင်းသား အသင်းသူများအနေဖြင့် ညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူထား သည့်လုပ်ငန်းများကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ရန်ပုံငွေများ လေလွင့်မှုမရှိစေရန်စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အင်းကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာကော်မတီဝင်များနှင့်အတူ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြမည့် တောင်သူ (၇၀) ဦးအတွက် ငွေကျပ် (၂၂၈) သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြမည့် (၂၀) ဦးအတွက် ငွေကျပ်(၆၅)သိန်း (၅)သောင်းနှင့် အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်ကြမည့် (၁၀) ဦးအတွက် ငွေကျပ်(၃၆)သိန်း (၅)သောင်းစသည့် အသင်းသားအသင်းသူ စုစုပေါင်း (၁၀၀)ဦးအား ငွေကျပ်သိန်း(၃၃၀)ကို တာဝန်ရှိများက အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အင်းကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ချေးငွေထုတ်ချေးရာတွင် အနည်းဆုံး နှစ်သိန်းကျပ်မှ အများဆုံး ငါးသိန်းကျပ်အထိသတ်မှတ်၍ ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း