ဟိုပန် ဖေဖော်ဝါရီ ၂၅
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနဖြစ်သည့် အ.ထ.က(ဟိုပန်)ကျောင်း၌ မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရန် ယမန်နေ့နံနက်(၁၀)နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဟိုပန်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ခိုင် ဦးဆောင်၍ မီးတပ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/ သူများ စိတ်အေးချမ်းပျော်ရွင်စွာ ဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဟိုပန်စာစစ်ဌာနဖြစ်သည့် အ.ထ.က(ဟိုပန်)ကျောင်းအား မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရှိစေရေး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် စာသင်ကျောင်းခန်း အတွင်းအပြင်တွင် လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုများကို စစ်ဆေးကြည့်ရှုခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ ရေလှောင်ကန်များတွင် ရေအပြည့်ဖြည့်ထားရန်၊ ကျောင်းဝန်း ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သော ခြုံနွယ်များ၊ အမှိုက်သရိုက်များအား စနစ်တကျ သန့်ရှင်းရေးပြုလုပ်ထားကြရန်နှင့် မီးသတ်ဆေးဘူး အသုံးပြုပုံများအား ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ ဆက်)