ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ပညာတံခွန်ကိုယ်ပိုင်အထက်တန်း အဆင့်သင်ကျောင်းတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများကြွယ်ဝပြီး ဘက်စုံထူးချွန်သည့် လူတော်၊ လူကောင်းများဖြစ်လာရန် သုတ၊ ရသစာပေများကိုလည်း လေ့လာဖတ်ရှုကြရမည့်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဌေးက အားကစားစိတ်ဓာတ်မြင့်မားရေး ခေါင်းစဉ်ဖြင့် လူငယ်များ ကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီး အကျိုးရှိရှိ အသုံးချစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲသို့ ပညာတံခွန်ကိုယ်ပိုင် အထက်တန်းအဆင့်သင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)