ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၅
ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှကြီးမှူး၍ စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) သင်တန်း ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိမှ ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှု တိုးတက်လာစေရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေး၊ ဆေးမှတ်တမ်းထိန်းများအနေဖြင့် မိမိတို့ဆေးရုံ၊ မိမိတို့ မြို့နယ်အတွင်းရှိသော အတွင်းလူနာများ၊ ပြင်ပလူနာများ၏ ဆေးမှတ်တမ်းများနှင့် ရောဂါကုသမှု ဆက်စပ်အချက်အလက်များကို စနစ်တကျမှတ်တမ်းပြုထိန်းသိမ်းရသည့်အပြင် စိစစ်ရေးမှူး(၄)(ဆေးမှတ်တမ်း)ဝန်ထမ်းများအားလုံး သင်တန်းကာလကို ထူးချွန်ပြည့်ဝစွာ တတ်မြောက်အောင်မြင်ကြစေရန် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်များတွင်လည်း အများအကျိုးဆောင်နိုင်ကြရန် လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပထမဆုရရှိသူ သင်တန်းသူတစ်ဦးအား ပြင်ဦးလွင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှလည်းကောင်း၊ အခြားဆုရရှိသူ သင်တန်းသား၊ သင်တန်းသူများအား ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ အထူးကုဆရာဝန်ကြီးများနှင့် လုပ်ငန်းအရာရှိဆေးမှတ်တမ်းတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး ဆုရရှိသူများကိုယ်စား သင်တန်းသူ မခင်ရွှေရွှေနိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
စိစစ်ရေးမှူး(၄) (ဆေးမှတ်တမ်း) သင်တန်း ဆုပေးပွဲအခမ်းအနားသို့ ခရိုင်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ စုစုပေါင်းလူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်၊ ပြင်ဦးလွင်)