ကျောက်တော် ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အေးကျော့လှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် လူငယ်ရေးရာစကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ် ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲ့ဝံ့စွာ ပြောဆိုဆက်ဆံတတ်စေရေး စသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Grade-5 မှ ကျောင်းသူ မမေမျိုးမြတ်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-5 မှ ကျောင်းသူ မမျိုးမြတ်ဝင်းက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မနန္ဒာဝင်းက လူငယ်နှင့်စာပေ စသောခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသူ၊ ကျောင်းသားများကလည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း (ပြန်/ ဆက်)