နမ္မတူ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာသူစခန်း (၃)ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော မန်တုံမြို့နယ် ကျေးရွာ (၂၅)ရွာတို့မှ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူများအား ပြောင်းရွှေ့စရိတ်၊ ဆန်ရိက္ခာ (၁)လစာနှင့်၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် နေရပ်ပြန် ပြောင်းရွှေ့စရိတ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် ငွေကျပ် ၆၆သိန်းအားလည်းကောင်း၊ လူတစ်ဦးကို ဆန်ရိက္ခာ တစ်ရက်လျှင် နှစ်ဘူးနှုန်းဖြင့် အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၂၉၄ ဦးအတွက် တစ်လစာ ဆန်ရိက္ခာဖိုးငွေကျပ် ၂၆၄၆၀၀၀ အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ပါဝင်သော ပလတ်စတစ်ပုံး ၆၆ ပုံး အားလည်းကောင်း၊ စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Glad) ဝန်ထမ်းများမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ငါးထောင်နှုန်းစီဖြင့် ငွေကျပ် သုံးသိန်းသုံးသောင်းအားလည်းကောင်း၊ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုများ၏ ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော် (ပြန်/ ဆက်)