နမ္မတူ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်းပြီး မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ (၁၁)နာရီခွဲ အချိန်က နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဂွမ်ဂျာနော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးက အရေးပေါ်မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများက ကိုယ်တိုင်ပါဝင်၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ် (၂)စီးဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်မီ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ ဆက်)