ကျောက်ဆည် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုကောင်းစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် ဝါသနာပါသည့်အကျိုးရှိရာ ပညာရပ်တစ်မျိုးမျိုး သင်ကြားသင်ယူသွားကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများမှလည်း ဘက်စုံထူးချွန်များဖြစ်စေရေး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး ပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီဆရာ ကာတွန်းဖောင်းဖောင်းက ပန်ချီရေးဆွဲခြင်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းများ လက်တွေ့သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၄၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ(၂၄)ရက်မှ မတ်လ(၅) ရက်နေ့အထိ(၁၀)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သင်တန်းသား/ သင်တန်းသူများပန်းချီရေးဆွဲရာတွင် ပိုမိုထိရောက်စေရေး သင်ထောက်ကူပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။
သက်မောင်၊ ခရိုင်(ပြန်/ ဆက်)