မြစ်သား ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်သားအခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ယနေ့နံနက်(၉) နာရီက တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်၊ ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည် တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြစ်သားမြို့နယ် ပညာရေးမှူး ဒေါ်ပြုံးကြည်နှင့် ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်တို့က မြစ်သားအခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း၌ ဆောက်လုပ်လျက်ရှိသည့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း အဆောက်အအုံ ဆောက်လုပ်နေမှုအခြေအနေများအား လိုက်လံ၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် RC တစ်ထပ်ဆောင်ကို Mal Madi International Construction Co.Ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)