ရန်ကုန် ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး) တို့က ကလေးအလုပ်သမားပပျောက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးငယ်များနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ အရွယ်မတိုင်မီကလေးငယ်များ လုပ်ငန်းခွင်သို့ရောက်ရှိလာရသည့် အဓိကအကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေများနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး သိကောင်းစရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ ဆက်)