မြစ်သားမြို့နယ် နတ်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေး

မြစ်သားဖေဖော်ဝါရီ၂၄       

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် အရောင်အဝယ် လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် ကျေးလက်ဒေသ ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက နတ်မှော်ကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း၌ လုပ်ငန်းလုပ်ကိုင်သူများ လက်ဝယ်အရောက် ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

‌ရှေးဦးစွာ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသော်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုများ ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်နိုင်စေရန်၊   မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်နိုင်စေရန်၊ ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ နတ်မှော်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသား(၁၀၇)ဦးကို မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် (၃၁၃၅၀၀၀၀) သိန်း ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)