ကမ္ဘောဇဘဏ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများလှူဒါန်း

တောင်ကြီး       စက်တင်ဘာ     ၂၉

ကမ္ဘောဇဘဏ်မှ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ရောဂါခံစား နေရသော Positive လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၁၅၀)၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းတွင် တာဝန်ထမ်း‌ဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၅၀)၊ ကျန်းမာရေး အထောက် အကူပြု ပစ္စည်း (၇)မျိုးတို့အားပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ် ထားသော ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီရုံးခန်း၌ ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့်အလှူငွေများ လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ကာလတွင် နိုင်ငံအဝှမ်း ကူးစက်ခံလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက် ရှိသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ အချိန်မှစ၍ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားအတွက် ကိုဗစ်-၁၉ ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါကူးစက်မြန်ဆန် လာသည့် ကာလတွင်လည်း လိုအပ်သော ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများအား လှူဒါန်းခဲ့ပါကြောင်း၊ ယနေ့ ထပ်မံလှူ ဒါန်းသော ကာကွယ်ကုသရေးအထောက်အကူပြု ပစ္စည်း (၇)မျိုးနှင့် အလှူငွေသိန်း(၂၀၀)အပါ အဝင် စုစုပေါင်း လှူဒါန်းမှုငွေကျပ်(၇၃၄၆၆)သိန်း ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် ရှမ်းပြည်နယ်ပြည်သူ လူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှတာဝန်ရှိသူများက အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့မှ လက်ခံရယူပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။         

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်နှင့် ရှမ်းပြည်နယ်ပြည်သူ လူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်းနှင့် ကမ္ဘောဇဘဏ် သည်နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ အချိန်နှင့်တစ်ပြေးညီစဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းလျက်ရှိရာ ငွေကျပ်(၁၇၀)ဘီလီယံကျော်လှူဒါန်းခဲ့ပြီးကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)