နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့)ကွန်ပျူတာသင်တန်း ဖွင့်လှစ်

နောင်ချို ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာ ပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲ၌ သဖန်းကိုင်းပရဟိတဆရာတော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ သင်တန်းသို့ Grade-10 နှင့် Grade-11 စာမေးပွဲဖြေဆိုထားသည့် သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ (၇)ဦးတို့ဖြင့် ဘာသာရပ်များအလိုက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကိစ္စရပ်များကို စီစဉ်ထားရှိပေးကြောင်း သိရသည်။

သဖန်းကိုင်းပရဟိတအသင်းအနေဖြင့် ကွန်ပျူတာသင်တန်း တက်ရောက်လိုသည့် တက္ကသိုလ်ဝင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်တက်ရောက်ဆဲနှင့် တက်ပြီးသော ကျောင်သား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအတွက် ကွန်ပျုတာအခမဲ့သင်တန်းကို မတ်လ ၃၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်ပေးသွာမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)