ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေး အသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ Isolation Gown အထည် (၁၆၀၀) အား ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာ တွင် လာ ရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ဒိန်းမတ်သံရုံးမှ တာဝန်ရှိသူများက တန်ဖိုးငွေကျပ်(၃၅)သိန်းရှိ Isolation Gown အထည်(၁၆၀၀)အား လှူဒါန်းရာ Super Sunday လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုသူရိန်ထွန်းက လက်ခံရယူခဲ့ပြီး ကျေးဇူး တင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ သည်။ Super Sunday လူမှုကူညီ ရေးအသင်း အနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့် အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင်လည်း အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိပြီး ယခု လှူဒါန်းလက်ခံရရှိခဲ့သော Isolation Gown အထည်(၁၆၀၀)ကို အင်းစိန်မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ် ငန်းများကို ဆောင်ရွက်နေသည့် ပရဟိတအဖွဲ့များနှင့်လူမှုကူညီရေးအသင်းများအား အချိုးကျ ပြန်လည် ခွဲဝေလှူဒါန်းပေး သွားမည် ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)