နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျီးသဲလေးထပ်ပညာရေးစင်တာ၌ ကျင်းပပူဇော်သော ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အခမ်းအနားသို့ နေပြည်တော်သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်ခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇန အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ နေပြည်တော်တိုင်း သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သရက်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ ချီးမြှင့်တော်မူသည့် ပဋ္ဌာန်းတရားတော်ကို နာယူကြည်ညိုကြပြီး အခမ်းအနား မှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် နေပြည်တော်သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်ခိုင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ် ပူဇော်ကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အလှည့်ကျ သံဃာတော်မှစတင်၍ မဟာသမယသုတ် ဒေသနာတော်နှင့်မဟာပဋ္ဌာန်းမြတ်ဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်သည်။
အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့ အထိ သုံးရက်တိုင်တိုင် ကျင်းပ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)