ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချိုးကျကိုယ်စားပြုစနစ်အကြောင်းရှင်းလင်းဆွေးနွေး

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၄

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အချိုးကျကိုယ်စားပြု စနစ်အကြောင်းသိရှိနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံ ပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ယင်းတော်မြို့မ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က နိုင်ငံတော် အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပေးမည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခုကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လာရောက်ခြင်းဖြစ်ပါကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာခိုင်က ရွေးကောက်ပွဲဆိုင်ရာ အချိုးကျကိုယ်စားပြုစနစ်(PR) အကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကျေးရွာအုပ်စု(၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်ရွာမိရွာဖများက ၎င်းတို့ဒေသအတွင်း လိုအပ်နေသည့် ကျေးရွာချင်းဆက်လမ်းများအဆင့်မြှင့်တင်နိုင်ရေး၊ ကျောင်းအဆင့်တိုးမြှင့်နိုင်ရေး၊ ဆရာ၊ ဆရာမအင်အား တိုးမြှင့်ချထားပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းလိုအပ်နေမှုအခြေအနေများ စိုက်ပျိုးရေကန်တူးဖော်နိုင်ရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)