မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

မိုင်းဖြတ်     စက်တင်ဘာ    ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်တွင် အသက် ၈၀ နှစ်တင်းတင်း ပြည့်ပြီးသည့် ဘိုးဘွားများနှင့် အသက် ၈၅နှစ် တင်းတင်း မပြည့်သေးသည့် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၃နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်မေမီခင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ကြီးဘိုးဘွားများထံ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တစ်ဦလျှင် ကျပ်သုံးသောင်းနှုန်းဆီ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့်ဘိုးဘွားများကို သက်ဆိုင်ရာ ကျေးရွာအုပ်စုများအလိုက် အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက ထောက်ပံ့ ပေးအပ် သွားမည်ဖြစ်သည်။

မိုင်းဖြတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအစဉ်အရ အသက် ၈၀နှစ် တင်းတင်းပြည့်ပြီးသူနှင့် အသက် ၈၅နှစ် တင်းတင်းမပြည့်သေးသည့် သက်ကြီးဘိုးဘွား ၆၂ ဦး ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မှ သိရသည်။


သန်းထွန်အေး(ပြန်/ဆက်)